မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ မိမိရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေးအထူးသတိပြုကြရန်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာကြရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ မြှင့်တင်ရန်နှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)