တာမွေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ      နိုဝင်ဘာ     ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ်ကျော်စွာမြင့်က မြန်မာနိုင်ငံတွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)