တောင်ဥက္ကလာပ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁:၀၀) နာရီအချိန်က အမှတ်(၁၅)ရပ်ကွက် မြတ်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာအေးငြိမ်းစိုး၊ ဒေါက်တာ ငြိမ်းငြိမ်းဆွေနှင့် ဆရာမထားအိတို့က အမျိုးသမီးငယ်များနှင့် သက်ဆိုင်သော ကျန်းမာရေးအသိပညာပေးခြင်း၊ အစာအုပ်စု (၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင် စားသောက်ရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအထူး ဂရုပြုရန်၊ သွားနှင့် သွားဖုံးကျန်းမာရေးအတွက် စနစ်တကျ သွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေး ဂရုပြုရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျလက်ဆေးကြရန် စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)