စမ်းချောင်း နိုဝင်ဘာ ၁၅
ဗလငါးတန်နှင့်ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စမ်းချောင်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးက ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည် ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလို ကျပန်းစကား ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး ပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က မဲကျရာ ခေါင်းစဉ်များဖြစ်သည့် မူးယစ်ရန်စွယ်တို့ကာကွယ်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ အစဥ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ စာပေမြှင့်မှ လူမျိုးတင့်မည်၊ ပညာရဲရင့်ပွဲလယ်တင့်စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)