နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများနှင့် နေပြည်တော်ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၌ ရွှေစင်ရွှေပြားများ ကပ်လှူနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ ဒသမ ၇၈ စတုရန်းပေအား ရွှေစင် ရွှေပြားကပ်လှူမှာဖြစ်သည့်အတွက် စုစုပေါင်း ရွှေစင်(၃၇ ပိဿာ ၅၈ ကျပ်သား) ခန့်မှန်းကုန်ကျမှာ ဖြစ်ပါကြောင်း၊ အများပြည်သူများ လှူဒါန်းနိုင်ရန်၊ လိုအပ်သော ရွှေစင်ရွှေပြားနှင့် အလှူတော်ငွေများကိုရရှိရန်၊ သတင်းစာများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ကြေညာ၍ အလှူခံနိုင်ရေး ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစေရေး၊ ရေရှည်ခိုင်ခံစေရေး၊ ကြည်ညိုဖွယ်ဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အလှူတော်ငွေနှင့် ရွှေစင်များရရှိရေးအတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီး အားနည်းချက်၊ အားသာချက်များဖော်ထုတ်ပြီး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်က ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး အတွက် ယခင်ကပ်လှူခဲ့သည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)