ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၅

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲရှိပြီး စကားပြောအတတ်ပညာကျွမ်းကျင်လာစေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်ကောင်းများ ပေါ်ထွက်လာစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြိုင်ပွဲမကျင်းပမီ အဆိုပါအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးထိန်ဝင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်ဦးက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို စတင်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသည့် Grade-12 မှ ကျောင်းသား၊ ကျောင်းသူငါးဦးတို့က မိမိတို့ မဲနှိုက်ရွေးချယ်ထားသည့် ခေါင်းစဉ်များဖြစ်သည့် အစဥ်ရှေးရှု မြန်မာ့ယဥ်ကျေးမှု၊ မူးယစ်ရန်စွယ် ဒို့ကာကွယ်၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့ဟူသည် ကျရာခေါင်းစဉ်ငါးမျိုးဖြင့် ကျပန်းစကားပြောယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို အခမ်းအနားတက်ရောက်လာသည့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)