ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ဟိုပုံးမြို့နယ်၌ (တတိယအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲအား လာရောက်ဖူးမြော်ကြည်ညို

ဟိုပုံး နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ရောက်ရှိ၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီးနောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ယနေ့နေ့လည်ပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဦးအောင်ခမ်းထီနှင့် တာဝန်ရှိသူများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စဖို့ဒ် ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိအား ဖူးမြော်ကြည်ညိုပြီးနောက် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စဖို့ဒ် ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိက နာဂပုရသာသနာ လင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (တတိယအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ(တတိယ)နေ့ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိသည်။

အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များက ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မူလတန်းအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၅၉)ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၉၉၇)ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၈၂)ပါး၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၃၄၈)ပါး စုစုပေါင်းရဟန်း၊ သာမဏေ၊ သီလရှင်(၂၀၈၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှ(၆)ရက်၊ နိုဝင်ဘာ(၁၃)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာအောင်သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲနှင့် ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းခြင်းတို့ကို နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)