ဗန်းမော်မြို့နယ် ခေတ်မီစံပြမံရေးကျေးရွာ၌ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဖွင့်လှစ်

ဗန်းမော် နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြကျေးရွာရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးမှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားတွင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် သင်တန်းများ ဖွင့်လှစ် ပေးခြင်းဖြင့် MSME လုပ်ငန်းများ ပေါ်ထွန်းလာစေပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးလာစေရန် ကျေးရွာရှိ ပြည်သူ များအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်မံရေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း က ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁၅) ရက်တွင် စာတွေ့ ၂၀% နှင့် လက်တွေ့ ၈၀% သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူများအား ဌာနမှ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်