တောင်ကြီး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမနှင့် အနုပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားလူငယ်များအတွက် မြန်မာစာဉာဏ်စမ်းပြိုင်ပွဲ၊ သမိုင်းဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် တောင်ကြီးခရိုင်ဦးစီးမှူးက လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်ဦးစီးမှူးနှင့် ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦရှိ မြေညီထပ်တွင် ခင်းကျင်းထားသည့် ပြတိုက်ငယ်မှစ၍ ဟင်းလင်းပြင်လေ့ကျင့်ရေးခန်းမထိ အထပ်လိုက် ရှင်းလင်းပြသခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ပထမထပ်ရှိ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
အေးအေးစိုး(ပြန်/ဆက်)