သာစည် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်တက်လာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာရေးဆရာများက စာပေဖတ်မှတ်ရာတွင် လိုက်နာသင့်သည့် အချက်များ၊ စာဖတ်ဝိုင်း၏ အဓိပ္ပါယ်နှင့် မိမိတို့ ဖတ်ရှုထားသည့် အကြောင်းအရာများကို နားလည်သည့်အတိုင်း အပြန်အလှန် ဆွေးနွေးကြရန် ပြောကြားသည်။ ထို့နောက် သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများနှင့် အမှတ်(၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားကျောင်းတို့မှ ကျောင်းသား/သူများက လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါ ရှားလော့ဟုမ်းလည်းမှားတာပဲ၊ လူငယ်နဲ့မေတ္တာတရား၊ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း၊ လူငယ်နှင့်အမြင်၊ လူငယ်နှင့်အလှအပ၊ ပညာရေးအစ…စာအုပ်များဖြင့် အစပြုပါ ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးကြပြီး စာရေးဆရာများက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်၊ မြို့နယ်မှ စာရေးဆရာများနှင့် ကဗျာဆရာများ၊ ကျောင်းအုပ်ကြီးများ၊ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)