ညောင်ဦး နိုဝင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် အခြေခံပညာအဆင့် ကျောင်းများ အားကစားပြိုင်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ မြို့နယ်အဆင့် လူရွေးချယ်ပွဲများကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ရွှေစည်းခုံဘုရားကြီးအနီး မြို့နယ်ပြည်သူ့အားကစား ပြိုင်ကွင်းတွင် ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဌေးက အားကစားသမားများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် လူရွေးချယ်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စည်းကမ်းရှိစွာဖြင့် ကြိုးစားကစားကြရန် မှာကြားသည်။ လူရွေးချယ်ပွဲများတွင် ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အလယ်တန်းအဆင့် ကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ကြပြီး ကျောင်းအဆင့် ခရိုင်အားကစားလက်ရွေးစင် ရွေးချယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလုံးအားကစားတွင် (ကျား/မ) တစ်သင်းစီ ဘော်လီဘော အားကစားနှင့် ပိုက်ကျော်ခြင်း အားကစားနည်းတို့တွင် (ကျား)တစ်သင်းစီ၊ ပြေးခုန်ပစ်အားကစားနည်း ၇ မျိုးတွင် ကျား ၇ ဦး၊ မ၇ ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရကာ လူရွေးချယ်ပွဲများကို လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်အဆင့် လက်ရွေးစင် ရွေးချယ်ခံရသော ကျောင်းသား/သူများသည် မန္တလေးတိုင်းဒေသကြီးအဆင့် သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရပကတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း