နေပြည်တော် နိုဝင်ဘာ ၁၅
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ နှင်းအေးဝေ ရေးသားထားသည့် “ဖြစ်သင့်ချိန်ထက်စောပြီး မနွမ်းစေချင်နှင့်ကြုံတွေ့ဖူးတဲ့ ကျန်းမာရေးဖြစ်ရပ်ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက “ဖြစ်သင့်ချိန်ထက်စောပြီး မနွမ်းစေချင်နှင့် ကြုံတွေ့ဖူးတဲ့ ကျန်းမာရေးဖြစ်ရပ် ဆောင်းပါးများ”စာအုပ်တွင်ပါဝင်သည့် သက်ကြီးဝန်ထမ်း၊ ဝိပဿနာတရားနှင့် ကျန်းမာရေး၊ ဇရာကိုအန်တုလို့မရ၊ ငယ်ငယ်တုန်းကအားကိုးရတဲ့ ဆေးမြီးတိုများ၊ ကျန်းမာရေးအတွက် အကြံဉာဏ်တွေသုံးတတ်ရင်အကျိုးရှိပါတယ်၊ ကိုယ်နှင့်ဓာတ်မတည့်တဲ့အရာကို သိထားရမယ်၊ တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်ခြင်း၊ စပျစ်သီးသန္ဓေတည်ခြင်းနှင့်ပတ်သက်၍ ကိုယ်တွေ့ဖြစ်ရပ်၊ ဖြစ်သင့်ချိန်ထက်စောပြီး မနွမ်းစေချင်နှင့် စာအုပ်ပါအကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)