လားရှိုး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် နောင်ပိန်ကျေးရွာတွင် ယာယီနေရပ်စွန့်ခွာသူများအတွက် မြန်မာပြည်ဖွား တရုတ်လူမျိုးအလှူရှင်များက ဆန်နှင့်ဆီများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
ယာယီတိုက်ပွဲရှောင်များအတွက် ဆန်နှင့်ဆီများကို လားရှိုးမြို့မှတစ်ဆင့် ပရဟိတလူမှုကူညီရေးအသင်းယာဉ်များဖြင့် သီပေါမြို့သို့ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကျိုးကျသွားသည့် ကျင်သီတံတားအား ကုန်ပစ္စည်းများကို လူနှင့်ထမ်းသယ်ကာ ကားချင်းချိန်း၍ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က တိုက်ပွဲရှောင်တွေအတွက် ဆန်နဲ့ဆီတွေကို လားရှိုးကနေ သီပေါကိုပို့မယ်။သီပေါမှာကျိုးသွားတဲ့ တံတားအထိပေါ့။ အဲ့ကနေ လူတွေနဲ့ထမ်းပြီး ဟိုဘက်ကမ်းက ပရဟိတယာဉ်တွေနဲ့ ချိတ်ဆက်သယ်ဆောင်ပြီး နောင်ပိန်တိုက်ပွဲရှောင်စခန်းကိုပို့ပေးမှာဖြစ်ပါတယ်။” ဟု လားရှိုးမြို့တွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုယက္ခကပြောသည်။
လားရှိုးမြို့မှ နောင်ပိန်သို့ ကျင်သီကျိုးကျထားမှုကြောင့် တိုက်ရိုက်ခရီးသွား၍မရသဖြင့် ယာယီတိုက်ပွဲရှောင်များအတွက် အလှူရှင်များပေးပို့လှူဒါန်းသည့် ဆန်အိတ်(၁၀၀)အိတ်နှင့်ဆီ(၁၀)ပုံးကို ကျင်သီချောင်းတံတားပေါ် လူအားဖြင့်ထမ်းကဲ့၍ ပို့ဆောင်ပေးကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)