စဉ့်ကူး နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က စဉ့်ကူးမြို့နယ်ဌာနဆိုင်ရာများ၏ (၂၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရန် ဘဏ္ဍာငွေရှာဖွေရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ကထိန်သင်္ကန်းနှင့် ပဒေသာပင်များပြင်ဆင်လှူဒါန်းရေး၊ ကျောင်းတိုက်အသီးသီးမှ ဆရာတော်များအား ပင့်ဖိတ်လျှောက်ထားရန်နှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားကြရေးတို့အတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများ ဖွဲ့စည်းပေးထားပြီးဖြစ်ရာ ဌာနဆိုင်ရာများအားလုံးမှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက ပြန်လည်တင်ပြကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့်ကိစ္စရပ်များအား တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)