ကျောက်တလုံးကြီး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဘာသာတရား ကိုင်းရှိုင်းရိုသေကြပြီး ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ပွဲတော်များကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂) ရက်ညတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပထမနိမ္မိတသပိတ်မြတ်ဘုရားတောင်ပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကျောက်တလုံးကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ည ၈ နာရီခွဲအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက မိမိတို့ရပ်ကွက်များမှ ဘုရားတောင်ပေါ်သို့ မီးပဒေသာပင် လှည့်လည်ပူဇော်ကြပြီး ရိုးရာဓလေ့နှင့်အညီ ပြုလုပ်ထားသော ညမီးကြီးမီးပုံးပျံများကို လွှတ်တင် ပူဇော်ခဲ့ကြသည်။
အဆိုပါ ပွဲတော်တွင် ညမီးကြီးမီးပုံးပျံ (၉)လုံးကို လွှတ်တင်ပူဇော်ကြကြောင်းနှင့် ပွဲတော်သို့ ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ လာရောက်ကြပြီး ရိုးရာအိုးစည်ဗုံမောင်းများဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း