မန်ကန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာအုပ်ပြပွဲ ကျင်းပ

မန်ကန် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားရေး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာရေး၊ ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို မန်ကန်မြို့၊ အခြေခံပညာထက်တန်းကျောင်းတွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မန်ကန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ်(တာဝန်ခံ)က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ယနေ့လူငယ်များသည် စာဖတ်သည့် အလေ့အထများ အားနည်းလျက်ရှိပါကြောင်း၊ စာဖတ်ခြင်းသည် အမှား၊ အမှန်ကို ခွဲခြားနိုင်ပါကြောင်း၊ စာဖတ်သည့်နိုင်ငံ၊ စာဖတ်သည့် လူမျိုးများသည် တိုးတက်ကြီးပွားပါကြောင်း၊ စာဖတ်ခြင်းကြောင့် မိမိတို့၏ဘဝအား ကောင်းမွန်အောင် တည်ဆောက်နိုင်ပါကြောင်း” ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်များကို ပြသခြင်းနှင့် အခမဲ့ငှားရမ်းပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးကပ်(ပြန်/ဆက်)