တာလေ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''လူငယ်နှင့်စာရိတ္တ''ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ လူတစ်ယောက်တွင် အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ရန် နံပတ်တစ်အရေးကြီးကြောင်း၊ ဘယ်လောက်ပဲတော်တော် အကျင့်စာရိတ္တမကောင်းပါက လူတော်တစ်ယောက်ဖြစ်သော်လည်း လူကောင်းတစ်ယောက်ဖြစ်မလာနိုင်ကြောင်း၊ စာရိတ္တကောင်းသူတစ်ယောက်သည် စိတ်ဓာတ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း၊ စာရိတ္တနှင့်စိတ်ဓာတ်သည် တိုက်ရိုက်အချိုးကျကြောင်းစသဖြင့် အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများအား ဆက်လက်အသိပညာပေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)