မက်မန်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများ ဝင်ငွေတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာအကူအညီများပေး၍ နှစ်စဉ် နှစ်ရှည်သီးနှံပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ထောပတ်ဆွတ်ခူး ရာသီတွင် ထောပတ်စိုက်တောင်သူများ ထောပတ်သီးများ ဆွတ်ခူးရောင်းချရာတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ ဦးရှဲကျူးမိသားစုသည် ထောပတ်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ဆွတ်ခူးရောင်းချရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။ “ယခုနှစ်ထောပတ်သီး အကြီးတစ်လုံးလျှင် တစ်ထောင်ကျပ်၊ အသေးတစ်လုံးလျှင် ရှစ်ရာကျပ်ရောင်းချရကြောင်း၊ စားသုံးများအနေဖြင့် မြို့နယ်အတွင်း၌ပင်ဝယ်ယူစားသုံးခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ထောပတ်သီးပိုမို၍ အသီးထွက်နှုန်းကောင်းကြောင်း၊ နှစ်ရှည်ထောပတ်ပင်များသည် မက်မန်းမြို့နယ်၏ ရာသီဥတုနှင့်ကိုက်ညီမှုရှိသဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိသဖြင့် စိုက်ပျိုးသင့်ပါကြောင်း” ထောပတ်သီးစိုက်ပျိုးသူ ကွန်းဟောင်းကျေးရွာနေ ဦးရှဲကျူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)