တံတားဦး နိုဝင်ဘာ ၁၅
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့်လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း “ပညာသရဖူ” ခန်းမတွင် ကျင်းပကြောင်သိရသည်။
အခမ်းအနားတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုကကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့် ပတ်သက်သည့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ မြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး မြို့မ အခြေခံပညာအလယ်တန်း ကျောင်း Grade -9 မှ ကျောင်းသူ မချယ်ရီဝင်းသန့်က လူငယ်နှင့် စာပေခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade -8 မှ ကျောင်းသား မောင်ဖုန်းလမင်းခန့်က ပညာခေတ်မှာပညာရှာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -8မှ ကျောင်းသူ မချစ်သဇင်သင်းက လူငယ်နှင့်အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသား မောင်ကောင်းခန့်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည်။
ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြပြီး ကလေးအလုပ်သမား ပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအကြောင်းသိကောင်းစရာ မြေစိုက်နံရံကပ် စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)