ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

ငါန်းဇွန်  နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နေ့လယ် ၂နာရီအချိန်က  ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်နေခြည်ဦးက “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သား ဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာ ပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေ ခြင်းတွေက ဘာတွေလဲ၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက“ကိုယ်လက်လှုပ်ရှား အားကစား” ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားနည်းလမ်းများ၊ သက်ရှည်ကျန်းမာဖို့ နေ့စဉ် လမ်းလျှောက်အားကစား ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြေားကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာအသိပညာပေး” ခေါင်းစဉ်ဖြင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့် ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးက ယခုလို ကျောင်းသားကျောင်းသူများအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းအတွက် သက်ဆိုင်ရာဌာနများအား ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့်သုတရသစာအုပ်စာစောင်များခင်းကျင်း ပြသခြင်းဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)