မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မောက်မယ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများတို့က စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်စာပေချစ် မြတ်နိုးသူများတိုးပွားလာစေရန်၊ စာအုပ်တစ်အုပ်မှရရှိသော အသိပညာဗဟုသုတအတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိပြီး စာအုပ်စာပေကောင်းများ ကိုလေ့လာရှာမှီးတတ်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများတို့က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်မှ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့်လူမှုရေးအတွေးများ စသည့်ခေါင်းစဉ်များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီးနောက် ဦးစီးအရာရှိဒေါ်နန်းမိုခမ်းက စာအုပ်တွင်လူငယ်အကြောင်းအရာနှင့်ပတ်သက်သည့် အနှစ်ချုပ်များကို ပြောကြားရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)