ဗန်းမော် နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗန်းမော် ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၃)ကျောင်းအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက “စေတနာ့ဝန်ထမ်းများမှ ကလေးသူငယ်များ၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများအား ပြုစုစောင့်ရှောက်မှု ပုံစံအမျိုးမျိုး ဖြင့် လူသားအရင်းအမြစ်များအား မပျက်စီး၊ မပြုန်းတီး စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ချမှတ် ထားသော လမ်းညွှန်ချက်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ စံချိန်စံညွှန်းများအား လိုက်နာဆောင်ရွက်သွားရန်နှင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းရပ်များ၊ လုပ်ငန်းစဉ်များအား စနစ်တကျဖြင့် ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားကြဖို့” အဖွင့်မိန့်ခွန်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေနိုင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၃)ကျောင်း တာဝန်ခံများအား ထောက်ပံ့ငွေ များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကာ စေတနာ့ဝန်ထမ်းများကိုယ်စား စာဝတီးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတာဝန်ခံ ဆရာမ ဒေါ်ကြည်ပြာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် ၉၆၀၀၀၀ ကျပ်၊ ကျောင်း(၁၃)ကျောင်းအတွက် စုစုပေါင်း ၁၂၄၈၀၀၀၀ ကျပ် (ကျပ် သိန်းတစ်ရာနှစ်ဆယ်လေးသိန်း ရှစ်သောင်း တိတိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)