ရန်ကုန် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) ၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော၊ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေနဲ့ တင်္ခနုပ္ပတ္တိဉာဏ်များဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဥ်ပြိုင်မှုမှတစ်ဆင့် မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာ၊ ဗဟုသုတတွေကို စဥ်ဆက်မပြတ်လေ့လာဆည်းပူးတဲ့ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံတာဝန်များကိုထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်တွေပေါ်ထွက်လာပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမာရွတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးစိုးရန်နိုင်က မုဒိတာစကားပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသွယ်သွယ်ဦး ကကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် စာရေးဆရာရန်ကျော်က ကျောင်းသားလူငယ်များအတွက် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေဟောပြောပြီး၊ လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) မှ ကျောင်းသား၊ ကျောင်းသူ (၇) ဦးတို့က၊ မူးယစ်ရန်စွယ်တို့ ကာကွယ်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရေးဖြင့် ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်အံ့၊ အစဥ်ရှေးရှု မြန်မာ့ယဥ်ကျေးမှု၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ အားကစားဖြင့် နိုင်ငံဂုဏ်မြှင့်တင်စို့နှင့် ကျွန်ုပ်၏အိမ်မက်တစ်ခု၊ စသည့်ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယှဥ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် စာပေဟောပြောသူဆရာကြီးနှင့် ပါဝင်ကူညီကြသူများ၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသော ကျောင်းသားကျောင်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကမာရွတ်ခရိုင်၊ လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ကြပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းထားသော အသိပညာပေးသုတ၊ ရသစာအုပ်များ၊ စကားပုံဆက်ပြိုင်ပွဲများ၊ မျှားပြစ်ပြိုင်ပွဲများ၊ စက်ဝိုင်းလှည့်ပြိုင်ပွဲများကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)