ကျောက်တံတား အောက်တိုဘာ ၂၃
အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စီးပွားရေး အခွင့်အလမ်းများကို တိုးချဲ့ရန် နှင့် ကိုဗစ်−၁၉ အကျပ်အတည်း သက်ရောက်မှုကို လျှော့ချရန် ရည်ရွယ်၍ Google ကုမ္ပဏီ၏ ပရဟိတ ဌာနခွဲဖြစ်သော Google.org မှ ထောက်ပံ့ပေးမှုဖြင့် Go Digital ASEAN စီမံကိန်း ကို အရှေ့တောင်အာရှနိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် လည်း အာရှဖောင်ဒေးရှင်းနှင့်မြန်မာနိုင်ငံစာကြည့်တိုက်အသင်းတို့ ပူးပေါင်း၍ အလုပ်အကိုင် မရရှိသေးသည့်လူငယ်များအတွက် သတင်းအချက် အလက်နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု (အွန်လိုင်း)သင်တန်းကိုအောက်တိုဘာလ(၂၁)ရက်နေ့မှ စတင်ကာZoom Meeting ဖြင့် စတင်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များမှ အသက်(၁၆)နှစ်မှ(၂၅)နှစ်အတွင်းရှိ လူငယ်များတက်ရောက်ကြပြီး မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းမှ ဘာသာရပ်ကျွမ်းကျင်သူ ဆရာကြီး၊ဆရာမကြီးများက လက်တွေ့အသုံးချ ဒစ်ဂျစ်တယ် ပညာရပ်များကို သင်ကြားပို့ချ ပေးခဲ့ပြီးတစ်နေ့လျှင် သင်တန်းချိန် သုံးနာရီခွဲဖြင့် သုံးရက်ကြာသင်တန်း ပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းအား သင်တန်းသားဦးရေ(၂၀၀၀)ဦးထိ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား(၅၅)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီးပါက Certificate ပေးအပ်သွားမည်ကြောင်းသိရသည်။
ရွှေနန်းမေ(ပြန်/ဆက်)