မြစ်သား နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မစျေးအတွင်းရှိ စျေးသူ/စျေးသားများမှ (၄၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ မဟာဘုံကထိန်ပွဲတော် စီစဉ်ကျင်းပရာတွင် ရွှေစောလူးဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒအားအမှူးထား၍ မြို့မစျေးအတွင်းရှိစျေးသူ/စျေးသားများ၊ အလှူရှင်များက ရိုးရာယဉ်ကျေးမှုနှင့်အညီ ဘုရားရုပ်ထုတော်နှင့်ပဒေသာပင်များကိုမော်တော်ယာဉ်များဖြင့်ပင့်ဆောင်ပြီး မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ စီတန်းလှည့်လည် အပူဇော်ခံခဲ့သည်။
မြစ်သားမြို့နယ် မြို့မစည်ပင်သာယာစျေးမှ စျေးသူ/စျေးသားများ၊ အလှူရှင်များစုပေါင်း၍ မဟာဘုံကထိန်ပွဲတော်ကျင်းပရာတွင် အလှူငွေကျပ်(၃၅၅၀၀၀၀ိ/-)သိန်း၊ ပစ္စည်းတန်ဖိုးငွေကျပ်(၇)သိန်း စုစုပေါင်းငွေကျပ် (၄၂၅၀၀၀၀ိ/-)အား လှူဒါန်းခဲ့ကြသည်။ရွှေစောလူးဘုန်းတော်ကြီးကျောင်းတိုက် ဘဒ္ဒန္တနာရဒဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားများဟောကြား၍ ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းခဲ့ကြသည်။ ထို့နောက် ရွှေစောလူးဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်မှ ဧည့်ပရိသတ်များအား စတုဒီသာ ထမင်း၊ ဟင်းများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)