သီပေါမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ စမ်းသပ်ကွက်စိုက်ခင်းများ ရောဂါပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်


သီပေါ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan) အရ ဆောင်ရွက်သော မိုးစပါး (RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နုကောက်ကွက်ကြဲ(SRI) စိုက်ပျိုးနည်းစနစ် စိုက်ခင်းများ၊ မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာနှင့် မန်ဟဲကျေးရွာအုပ်စု နားခဲကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းက ရောဂါပိုးမွှားကျရောက်မှု ရှိ/မရှိနှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။


မိုးစပါးမျိုးစေ့ထုတ်ဧကများ စိုက်ပျိုးမှုကို သီပေါမြို့နယ် ဆားတွင်းကျေးရွာရှိ လယ်များတွင် (၃၀)ဧကနှင့် နားခဲကျေးရွာရှိ လယ်များတွင်(၂၅)ဧက စုစုပေါင်း(၅၅)ဧကကို စိုက်ပျိုးထားလျက်ရှိပြီး အဆိုပါ မျိုးစေ့ထုတ်လုပ်မှော်ဘီ(၂)စပါးများ အထွက်နှုန်း ကောင်းမွန်စေရေး၊ မျိုးရောနှောမှုမရှိစေရေး၊ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်များ နုတ်ပယ်ခြင်း၊  ရောဂါပိုးမွှား မကျရောက်စေရေး၊ ကျရောက်ပါက ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို တောင်သူများအား ပညာပေးဆွေးနွေးပြောကြားပြီး မျိုးစပါးရိတ်သိမ်း ချိန်တွင် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေအရ အထူးသတိပြုအချိန်မီစနစ်တကျ ရိတ်သိမ်းခြွေလှေ့ သိုလှောင်နိုင်စေရေး အတွက် သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းမင်းဦးက တောင်သူ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


သီပေါမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်(၅၅)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးရခြင်းသည် တောင်သူများအနေဖြင့် ဒေသတွင်း မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက် လာစေရန်၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိမှုကို လက်တွေ့ကျကျ သိရှိလာစေရန်နှင့်စပါးအထွက်နှုန်း တိုးပွားကာ စျေးကောင်း ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် စမ်းသပ်ကွက်စိုက်ခင်းများ၊ ခေါင်နှံစိုက်ခင်းများ၊ မိုးစပါးပျိုးသက်နု ကောက်ကွက်ကြဲ(SRI) စိုက်ပျိုးနည်း စနစ် စိုက်ခင်းများ၊ မျိုး(၄)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းများရှိ သက်ဆိုင်ရာစိုက်ပျိုးရေး ကွင်းတာဝန်ခံဝန်ထမ်းများကလည်း မျိုးစေ့များ၊စိုက်ခင်းများ အဆင့်အတန်း ပြည့်မီစေရန်အတွက် နေ့စဉ် ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခင်လေး(သီပေါ၊ပြန်/ဆက်)