မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မော်လမြိုင် နိုဝင်လာ ၁၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲငန်းတေးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ ကျွဲခြံကုန်းကျောင်းများ၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲငန်းတေးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ ကျွဲခြံကုန်းကျောင်းမှ ဆရာမများက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သောလူငယ်များဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ် သူများဖြစ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝပိုမိုမြင့်မားလာရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များဖြစ်လာစေရေး စသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)