မိုင်းဆတ်မြို့၌ “လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီခွဲက “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအနေဖြင့် စာအုပ်စာပေများဖတ်ရှုကာ ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး ပညာအစွမ်းဖြင့် အမှားကိုချေဖျက်နိုင်စွမ်း ရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်တို့က “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ထဲမှ ဖတ်မှတ်ထားသည်များကို ဆွေးနွေးရာတွင် ဒေါ်ငုဝါဖူးက “အမှားတွေဖြစ်မှာ ကြောက်လို့ မလုပ်ဘဲမနေပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းခမ်းလွှမ်းက “လူငယ်နှင့်အမြင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစိုင်းဝေယံထွန်းက “ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သဲသဲက “လူငယ်နှင့်သိပံ္ပအတွေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကျော်စွာထက်နိုင်က “တာဝန်-လိပ်ပြာသန့်မှု” စသည့်ခေါင်းစဉ် များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူ များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုဖတ်မှတ်ခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)