ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှပံ့ပိုးငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးများကို နိုဝင်ဘာလ(၁၄)နေ့ကရိတ်သိမ်းခဲ့ကြရာ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မိုးစပါးရိတ်သိမ်းမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်ဒါရိုက်တာအဖွဲ့ဝင်များ၊ အောင်နိုင်သစ္စာကုမ္ပဏီမှတာဝန်ရှိသူများက ကြို့ကုန်းကျေးရွာတွင် ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးသန်းဇော်လင်း၏ လယ်ယာမြေ(၇)ဧက မိုးစပါးရိတ်သိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ ကန်ထရိုက်လယ်ယာစနစ်ဖြင့်ဆောင်ရွက်သော သမဝါယမအသင်းသားများအနေဖြင့် သွင်းအားစုများရယူထားသည်နှင့်အညီ တာဝန်ကျေစပါးများ အပြေအကြေပေးသွင်းနိုင်ရေး၊ စပါးများအလေအလွင့်မရှိစေရေး၊ စပါးအထွက်နှုန်းများယခင်နှစ်များနှင့် အတိုးအလျော့မှတ်တမ်းများစနစ်တကျရေးသွင်းထားရှိရန်နှင့်ဒေသပေါက်ဈေးများ နှင့်အညီကုမ္ပဏီသို့တာဝန်ကျေစပါးများပေးသွင်းရန်ညှိနှိုင်းဆောင်ရွက်ကြရေးတို့ကိုရှင်းလင်းမှာကြားသည်။
ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှပံ့ပိုးငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူ(၁၁၇)ဦး၊ မိုးစပါးစိုက်ဧက(၁၁၂၀)ဧက စိုက်ပျိုးထားရှိပြီး ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးသန်းဇော်လင်း၏ လယ်ယာမြေ(၇)ဧက စံကွက်ရိတ်သိမ်းခဲ့ကြရာတစ်ဧကအထွက်နှုန်းတင်း (၇၀)ထွက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)