ဒဂုံအရှေ့ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ဟောပြောပွဲအခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်က ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ကမ္ဘာတစ်လွှား၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့်ကြိုတင်ကာကွယ်သင့်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးမျိုးမြင့်အောင်က ကျောင်းနေအရွယ်ကလေးငယ်များ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မိမိအသက်အန္တရာယ်လုံခြုံအောင်တုံ့ပြန် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး ကလေးငယ်များ သဘာဝအန္တရာယ်၊ မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်နည်းများ၊ အရေးပေါ်အသက်ကယ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို ကလေးငယ်များစိတ်ဝင်တစားဖြစ်စေရန် ဂိမ်းကစားနည်းများဖြင့် အသိပညာပေး သရုပ်ဖော်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)