မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ  ၁၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းဦးက လာရောက်ဟောပြော‌ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်ကျောင်းသာ/သူလေးများအား အသိပညာတွေ လာရောက်ဝေငှပေးသည်ဖြစ်ကြောင်း၊ ငယ်စဉ်အခါပညာရှာရမယ်၊ပညာတတ်ရင် ကိုယ်မိသားစု၊ ဆွေမျိုးသားချင်းတွေကိုလည်း ထောက်ပံ့နိုင်တယ်၊ မိဘစကားတွေနားထောင်ရမယ်၊ ဆရာ၊ ဆရာမတွေစကားနားထောင်ရမယ် နောင်တစ်ချိန်မှာ ပညာတတ်မှ အရာရာအဆင်ပြေနိုင် ကြောင်း၊ စာပေတွေကိုအမြဲလေ့လာမှတ်သားရမယ်၊ စာပေမြင့်မှလူမျိုးတင့်မည်ဆိုသည်အတိုင်း ပညာသည် အိုသည်မရှိကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်မည်ဆိုသည်အတိုင်း ငယ်စဉ်အခါပညာရှာသင့်ကြောင်း၊ ကလေးငယ်များအနေဖြင့် ရွှေသွေးဂျာနယ်၊ မိုးသောက်ပန်းဂျာနယ်တွေကို ဖတ်သင့် ကြောင်းစသည်များပြောကြားပြီးနောက်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရှီးမွန်က အားကစားနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားရာ အားကစားဆိုတာ နိုင်ငံတိုင်းမရှိမဖြစ်လိုအပ်ကြောင်း၊ ဒီဇင်ဘာလနီးကပ်လာသည်နှင့်အမျှ အားကစားပွဲတော်များ၊ စု‌ပေါင်းလမ်းလျှောက်ခြင်းများ ကျင်းပမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကို အထူးကောင်းမွန်အောင် ပညာသင်ကြားနေချိန် အားကစားလည်းတွဲဖက်လုပ်ကိုင်သင့်ကြောင်း၊ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုသည့်အတိုင်း အားကစားကို နိုင်ငံတော်မှ အထူးကဏ္ဍအဖြစ်ထည့်သွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းစသည့် ‌အကြောင်းအရာများ‌ပြောကြားပြီး‌ အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော နံရံစာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/သူများမှလည်း ကြည့်ရှု့လေ့လာခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့သည်။

အောင်ဇော်မင်း