ဒလ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျပန်းစကား ပြောပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို စတင်ခဲ့ရာ မြို့နယ်အဆင့် အလယ်တန်းကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ အစဥ်ရှေးရှုမြန်မာ့ ယဥ်ကျေးမှု၊ ပညာရဲရင့်ပွဲလယ်တင့်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး စသည့်ခေါင်းစဥ် (၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာ ရှိဒေါ်သီတာဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်နိုင်မိုး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းမင်းထိုက်နှင့် ဒေါ်လှလှရီတို့က ဆုရွေးချယ်ရေး ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် ပထမဆုကို အ.လ.က(၇) Grade(9)မှ မပပခိုင်၊ ယနေ့လူငယ် နောင်ဝယ်လူကြီးခေါင်းစဥ်ဖြင့် ဒုတိယဆုကို အ.လ.က(၉) Grade (9)မှ မောင်ချစ်လင်းဖြိုး၊ စာပေမြင့်မှ လူမျိုးတင့်မည် ခေါင်းစဥ်ဖြင့် တတိယဆုကို အ.လ.က(၆) Grade(9)မှ မငွေကြေးမှုံ၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါးခေါင်းစဥ်ဖြင့် အထူးဆုကို အ.ထ.က(၁) Grade (9)မှ မောင်မင်းခန့်စံ၊ အားကစား ဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့ ခေါင်းစဥ်ဖြင့် အထူးဆုကို အ.လ.က(၅) Grade (8)မှ မအိမ့်သူ၊ ပညာရဲရင့်ပွဲလယ်တင့် ခေါင်းစဥ်ဖြင့် အထူးဆုကို အ.လ.က(၈)Grade (8)မှ မဆုရတီတို့အား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျပန်းစကားပြောပြိုင်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်