သထုံ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံနှင့် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့တို့ကို ဂုဏ်ပြုသောအားဖြင့် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့၊ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်က အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာအောင်ပိုင်ထွေးက ဆီးချို သွေးချိုရောဂါ၏ လက္ခဏာများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်နည်းများ၊ ဖြစ်ပွားလာပါက စနစ်တကျကုသရမည့်နည်းလမ်းများ၊ ဆီးချို သွေးချိုရောဂါနှင့် ပတ်သက်သည့် နောက်ဆက်တွဲရောဂါများနှင့် ဆိုးကျိုးများ စသည်တို့ကို အသိပညာပေးဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာအောင်ပိုင်ထွေး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ဆီးချို သွေးချိုရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအဖွဲ့ဝင်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)