မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ငှက်ပျောသီးများ ခူးဆွတ်ရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိနေ

မိုးနဲ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပန်လော့ကျေးရွာ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ငှက်ပျောသီးများ ခူးဆွတ်ရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိနေကြောင်း တောင်သူ ဦးချစ်စန်းအောင်ထံမှ သိရသည်။

ငှက်ပျောပင်များသည် ရာသီမရွေးသီးပြီး ဆောင်းရာသီတွင် အသီးပိုမိုကြီးထွားကြောင်း၊ ခြံထွက်ငှက်ပျောသီးများသည် ပိုးသက်ဆေးကင်းရှင်းကြောင်း၊ အပင်များပြန်လည် ကြီးထွားစေရန် အမြစ်များပိုမိုခိုင်မာစေရန်အတွက် ရင့်မှည့်သည့်ငှက်ပျောခိုင်ခုတ်ယူပြီးသော အပင်အား အပိုင်းပိုင်းခုတ်ဖြတ်၍ ငှက်ပျောအုံကြား ပြန်လည်မြေဆွေးရရန်အသုံးပြုကြောင်း၊ ယာခင်း၊ လယ်ခင်းများအတွင်း နေရာလွတ်များ ဘောင်နံဘေးများတွင် ငှက်ပျောပျိုးပင်များစိုက်ပျိုးပြီး ဝင်ငွေတိုးပွားရန် ဆောင်ရွက်နိုင်ကြောင်း၊ အပင်များ ကြီးထွားနူန်းကောင်းစေရန် ခြောက်သွေ့သော အရွက်များကို ရှင်းလင်းပေးရကြောင်း၊ မိမိအနေဖြင့် ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျော ၂ မျိုးကို စိုက်ပျိုးရောင်းချနေကြောင်းနှင့် ဖီးကြမ်းတစ်ဖီးလျှင် အရွယ်အစားအလိုက် ကျပ် ၁၀၀၀ နှင့်အထက် ရောင်းချရပြီး ရခိုင်တစ်ဖီးလျှင် ကျပ် ၅၀၀ နှင့်အထက် ရောင်းချနေရကြောင်း တောင်သူ ဦးချစ်စန်းအောင်ထံမှသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)