ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ အခမ်းအနားတက်ရောက်

ညောင်ရွှေ နိုဝင်ဘာ ၁၄

တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပြန်လည်အမှတ်ရစေပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ကျူးဂုဏ်ယူ၍ ဇာတိသွေး၊ ဇာတိမာန်များ၊ မျိုးချစ်စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် အသိပေးနှိုးဆော်သည့်နေ့အဖြစ် ယမန်နေ့ နံနက် (၈) နာရီက ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ ကျင်းပကြောင်း သိရသည်။

ဦးစွာ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့တွင် အင်းလေးဒေသရှိ အင်းသားရိုးရာ ရာကျော်လှေ (၁၄) စီး၊ (၄၆) တက်လှေ (၆) စီးတို့ဖြင့် ဒေသခံအင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ ချီတက်လှော်ခတ်လာနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ကြိုဆိုကြပြီး အင်းသားတိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ လူထုအခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (ဟဲယာရွာမ) ကျောင်းသား/ ကျောင်းသူများက အင်းသားတိုင်းရင်းသား ရိုးရာအကဖြင့် ဖွင့်လှစ်၍ အင်းသားအမျိုးသားနေ့ ကျင်းပရေးကော်မတီမှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး သဘာပတိအဖွဲ့များမှ နေရာယူကာ သဘာပတိတစ်ဦးဖြစ်သူ ရှမ်းပြည်နယ်ပညာရေး (အငြိမ်းစား) ညောင်ရွှေမြို့နယ်မှ ဒေါ်လှဌေးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နှုတ်ခွန်းဆက်စကားပြောကြားရာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် လူမျိုးတစ်မျိုး ဖြစ်တည်လာရန်အတွက် နှစ်ရာချီ၍ သမိုင်းအစဥ်အဆက် ကြိုးပမ်းလာခဲ့ကြသည်ဖြစ်ရာ တစ်မျိုးသားလုံး၏ သွင်ပြင်လက္ခဏကို ဖော်ဆောင်သည့် တိုင်းရင်းသားတို့၏ အမျိုးသားနေ့သည် ထူးထူးခြားခြား ဂုဏ်ယူရသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ အင်းသားအမျိုးသားနေ့ကို ၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁) ရက် အင်းသားအမျိုးသားအားလုံး တက်ရောက်ခဲ့သည့် ညီလာခံတွင် အင်းတိုင်းရင်းသားများအားလုံး သဘောတူညီချက်ဖြင့် တန်ဆောင်မုန်းလဆန်း (၁) ရက်ကို အင်းသားအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အင်းသားအမျိုးသားနေ့ အခမ်းအနားအား အင်းသားစာပေယဥ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ ဦးစီးကျင်းပခဲ့သည်မှာ ယခုဆိုလျှင် အဋ္ဌမအကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အင်းသားတို့၏ တစ်မူထူးခြားသည့် ယဥ်ကျေးမှု ဓလေ့ထုံးစံများ၊ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှေလှော်ခြင်း၊ လှေလှော်ပြိုင်ပွဲများ ကျင်းပရာ၌ လှေတစ်စီးတွင် လူတစ်ရာကျော် ပါဝင်လှော်ခတ်ခြင်း၊ ရေပေါ်တွင် အိမ်ဆောက်နေထိုင်ခြင်း၊ ဆောင်းခေါ်ငါးဖမ်းပိုက်ငယ်များဖြင့် ငါးဖမ်းခြင်း၊ ရေခြံခေါ် ကျွန်းမျောများပေါ်တွင် စိုက်ပျိုးရေးလုပ်ကိုင်ခြင်း၊ ပန်းတိမ်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်းတို့ဖြင့် အသက်မွေးခြင်းစသည့် ထူးခြားချက်များကြောင့် ပြည်တွင်း၌ သာမက ကမ္ဘာမှာပင် လူသိများကြခြင်း ဖြစ်ပါကြောင်း၊ အင်းသားတိုင်းရင်းသားများအနေဖြင့် မိမိတို့တိုင်းရင်းသားမျိုးနွယ်စု၏ ရိုးရာယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဥ်လာများကို ဖော်ထုတ်၍ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်သွားကြရန် ပြောကြားသည်။

၎င်းနောက် အဋ္ဌမအကြိမ်​မြောက် အင်းသားအမျိုးသားနေ့အတွက် အလှူငွေများ ပေးအပ်ခြင်းနှင့် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီမှု ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဆုများချီးမြှင့်ပေးကြရာ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြသည်။

ယင်းနောက် အဋ္ဌမအကြိမ် ​အင်းသားအမျိုးသားနေ့သို့ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်၍ အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းမှ တွေ့ရှိချက်များကို အင်းသူတစ်ဦးက အဆိုတင်သွင်းပြီး အင်းသားလူငယ်တစ်ဦးက ထောက်ခံ၍ အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းမှ တွေ့ရှိချက်များကို သဘာပတိ ဒေါ်လှဌေးက အတည်ပြုခြင်းကို သဘောထားရယူပြီး အဋ္ဌမအကြိမ် အင်းသားအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးတိုးရက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဒေသခံအင်းတိုင်းရင်းသား/သူများမှ အင်းအိုးစည်ကြီး အကဖြင့် ဖျော်​ကြကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)