ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှုသင်တန်းကျောင်း (မန္တလေး)တွင် လေအေးပေးစက်တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာ ၁၄

မန္တလေးမြို့တွင် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သင်တန်းမှရရှိသည့်အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရန်၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၄)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)