ပန်းဘဲတန်း နိုဝင်ဘာ ၁၄
ကျောင်းသား/ ကျောင်းသူများ စာပေအသိပညာဗဟုသုတတိုးပွားစေပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်အနေဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အ.ထ.က-၂ ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား သုတ/ရသစာအုပ်များ ငှားရမ်းပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/ကျောင်းသူများအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဖြင့် လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ပြီး အဆိုပါ နယ်လှည့်စာကြည့်တိုက်တွင် သုတစာအုပ်၊ ရုပ်ပြစာအုပ်နှင့်ဂျာနယ်များပါရှိကြောင်း သိရှိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်စာငှားလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ရက်သတ္တပတ် (၁)ပတ်လျှင် တစ်ကြိမ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)