မြစ်သား နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ကာ သုတ/ရသစာအုပ်များကို ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး စာအုပ်/စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကျန်းမာရေးအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)