မိတ္ထီလာ နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့် လူရွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနရှိ အားကစားကွင်းနှင့် အားကစားရုံများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံအဆောက်အအုံဖြစ်သည့် အာလျော်စွာ ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ လုပ်သားကောင်းများ၊ အားကစားထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာ၌ အခြေခံပညာအဆင့် အားကစားပွဲတော်များ ကျင်းပဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် အထူးအလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက်မှ လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေမြင့်မားရေးကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲမှတဆင့် နိုင်ငံကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန်၊ အားကစားစိတ်ဓါတ်ကို အရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှင်းမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓါတ် ကြံ့ခိုင်မှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့စိတ်ဓါတ်ရှိမှု၊ စည်းကမ်းဥပဒေနှင့်နည်းပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်းမွေ့မှုနှင့် နိုင်ငံ့သားကောင်းများ ဖြစ်မှုစသည့် ကောင်းမြတ်သော အရည်အသွေးကောင်းများရရှိလာစေရန်နှင့် အားကစားပွဲတော်မှ ထွက်ပေါ်လာသည့် ထူးချွန်အားကစားသမားများအား စုစည်းလေ့ကျင့်ကာ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပွဲတော်သို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ခရိုင်အဆင့်လူရွေးပွဲကျင်းပခြင်းဖြစ်ကြောင်း ခရိုင်အဆင့်လူရွေးပွဲကျင်းပရေး ဦးစီးကော်မတီ အတွင်းအရေးမှူး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်ထံမှ သိရသည်။
အဆိုပါ ခရိုင်အဆင့်လူရွေးပွဲကို အမျိုးသား/အမျိုးသမီး (ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်) ပြိုင်ပွဲများကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲများမှ ရွေးချယ်ခံရသော အားကစားသမားများအား နိုဝင်ဘာလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ စခန်းသွင်းလေ့ကျင်းသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးသို့ တိုင်းအဆင့်ယှဉ်ပြိုင်ရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)