လားရှိုး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်များဖြတ်သန်းသွားလာ၍ မရနိုင်သေးသဖြင့် လားရှိုးမြို့မှ မန္တလေးမြို့သို့ သွားရောက်လိုပါက လားရှိုး - သီပေါ - နမ့်လန် - နောင်ဝိုး - ကျောက်ဂူ - ရပ်စောက် - ပင်းတယ - ရွာငံ - မြို့ကြီး - ကျောက်ဆည် - မန္တလေးလမ်းအတိုင်း သွားနေကြရကြောင်းသိရသည်။
“လားရှိုး - မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်စဉ်တွေရှိသလို သီပေါနဲ့ကျောက်မဲကြားက ကျင်သီတံတားလည်းကျိုးနေတယ်။ ဂုတ်တွင်းလမ်းလည်း ဖြတ်သန်းသွားလာလို့မရသေးတော့ မန္တလေးကို တစ်ကွေ့တစ်ပတ်ကြီးသွားနေရတယ်။” ဟု ဒေသခံခရီးသွားတစ်ဦးကဆိုသည်။
ယခင်က လားရှိုး -မန္တလေး မော်တော်ယာဉ်စီးနင်းခ တစ်ယောက်လျှင် သုံးသောင်းကျပ်သာပေးရသော်လည်း လက်ရှိအချိန်တွင် တစ်ဦးလျှင် တစ်သိန်းသုံးသောင်းကျပ်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)