လားရှိုး နိုဝင်ဘာလ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာသူများ ရောက်ရှိခိုလှုံနေကြရပြီး နိုဝင်ဘာလ၁၃ ရက်နေ့တွင်လည်း လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ ကန်မိန်းပရိယတ္တိစာသင်တိုက်သို့ ယာယီနေရပ်စွန်ခွာရန် ဒေသခံအချို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာသူများသည် လားရှိုးမြို့နှင့် သိန္နီမြို့ကြားရှိ ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ၎င်းတို့အတွက် လိုအပ်သည့် စားသောက်စရာများနှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိနေကြကြောင်း သိရသည်။
“ မန်ဆူမှာက ယာယီနေရပ်စွန့်ခွာသူ သုံးထောင်ဝန်းကျင်လောက်ရှိတယ်။ သူတို့အတွက် စေတနာရှင်တွေရဲ့ အလှူနဲ့ စားသောက်စရာတွေ၊ နေရာထိုင်ခင်းတွေ စီစဉ်ပေးတယ်။ အခု ကန်မိန်းကျောင်းမှာတော့ သိန္နီနဲ့ လားရှိုးကြားက ဒေသခံတွေရောက်လာတယ်။ သူတို့တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ လာရောက် လှူဒါန်းပါတယ်။” ဟု ဦးစိုင်းအောင် ကဆိုသည်။
လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာသူများနေထိုင်ရာစခန်း ၁၁ နေရာခန့်ထိရှိနေပြီး ယာယီနေရပ်စွန့်ခွာသူအများဆုံးမှာ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင်ဖြစ်ပြီး ကျန်နေရာများမှာ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)