မော်လမြိုင် နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သုခဝတီ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သုခဝတီအခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းတန်းပြဆရာမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ မြှင့်မားတိုးတက်လာစေရန် ကျောင်းစာအပြင် ဗဟုသုတဖြစ်ဖွယ်စာအုပ်စာစောင်များကို အားလပ်ချိန်များတွင် လေ့လာဖတ်ရှုကြရန်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက သုခဝတီ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်လက်ဆောင်များပေးအပ်ရာ ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)