ကျိုက်မရော နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် မိုးကြက်ဟင်းခါးသီးများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသူခြံပိုင်ရှင်များ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း ကြက်ဟင်းခါးစိုက်ပျိုးသူ ဦးဇော်လင်းထံမှသိရသည်။
မိုးကြက်ဟင်းခါးသီးများကို စက်တင်ဘာလမှစတင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာ၌ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍အညွန့်လေးများတက်လာပါက မြောင်းဖော်၍စင်ပေးကာ စနစ်တကျစိုက်ပျိုးထားရာ ရက်ပေါင်းသုံးဆယ်ကျော်လျှင် အပွင့်လေးများစတင်ပွင့်၍ အသီးများကြီးထွားစေရန်အတွက် အပင်အားလုံး အားဆေးဖြန်းရပြီး ပျားကောင်လေးများရန်မှကာကွယ်ရန် ပျားဆေးဖြန်းပေးရကြောင်း ရက်ပေါင်းခြောက်ဆယ်ကျော်လာလျှင် အသီးများလှိုင်လှိုင်သီး၍ နိုဝင်ဘာလအစတွင် အသီးများကောင်းစွာခူး၍ စျေးကွက်အတွင်းပို့၍ရပြီး ယခုနှစ်တွင် အသီးများစျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူခြံရှင်များ အဆင်ပြေကြောင်း၊ ကြက်ဟင်းခါးသီးတစ်လုံးလျှင် အကြီး၅၀၀ကျပ်၊ အရွယ်အစားအလိုက် ၄၀၀၊ ၃၀၀ ကျပ်စီဖောက်သည်ပေးရကြောင်း သုံးရက်ခြား တစ်ကြိမ်ခူးပေးရပြီး တစ်ကြိမ်ခူးလျှင်ဝင်ငွေ ၃ သိန်းကျော်ရရှိကာ တစ်လကို ငွေကျပ် ၁၅ သိန်းခန့်ရရှိသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း ကြက်ဟင်းခါးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူဦးဇော်လင်း၏ ပြောပြချက်အရသိရသည်။
မိချို(ပြန်/ဆက်)