ရန်ကင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကင်း နိုဝင်ဘာ ၁၃

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတပြည့်စုံစေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူငယ်ရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာလူငယ်တွေဆိုတာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူးစွမ်းအားအရင်းအမြစ်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံဂုဏ်ရောင်အလင်းဆောင်အံဆိုသည့် ဆောင်ပုဒ်နှင့်အညီ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက "လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း (သို့)ဗလငါးတန်ဖွံဖြိုးရေး” ခေါင်းစဥ်နှင့်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး နောက်စာရေးဆရာမပေါက်ပေါက်က မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ လူငယ်ရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊   အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

လှလှထွေး (ပြန်/ဆက်)