စစ်တွေ နိုဝင်ဘာ ၁၃
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့်သက်ဆိုင်သော ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသည် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးများ၊ အစိုးရအဖွဲ့အစည်းအဝေးများမှာ လုပ်ဆောင်ချက်များ အားလုံးသည် ဥပဒေနှင့်အညီဖြစ်စေရန်၊ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့နှင့်သက်ဆိုင် သော ဥပဒေများကို ကြေညက်အောင် လေ့လာထားကြရန်လိုကြောင်း အမြဲညွှန်ကြားလျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွက် တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုခေါင်းစဉ်ဖြင့် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအပြင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကိုလည်း ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ကာ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဥပဒေချုပ်အနေဖြင့်လည်း ပြည်နယ်အတွင်း စစ်တွေတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်နှင့် စစ်တွေဆေးရုံကြီး(သူနာပြုနှင့်သားဖွား သင်တန်းကျောင်း)တို့တွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို ဆွေးနွေးပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေး Capacity တိုးတက်စေရန် တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးခဲ့သည်ကို သိရှိရကြောင်း၊ ယခု ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ဥပဒေအသိပညာများရရှိစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း၊ ပို့ချပေးမည့် ဥပဒေအသိပညာရပ်များသည် ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင်တွင် များစွာထိရောက်အသုံးဝင်အကျိုးရှိမည် ဖြစ်သည့်အတွက်ကြောင့် စနစ်တကျလေ့လာ မှတ်သားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့်သက်ဆိုင်သော ဥပဒေရေးရာအလုပ်ရုံ ဆွေးနွေးပွဲကို နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများ ၁၃၀ ဦးတက်ရောက်ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ)တို့ ပူးပေါင်း၍ရခိုင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ စီစဉ်ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းနှင့် စက်ချုပ် သင်တန်းဖွင့်ပွဲသို့တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ယခုကဲ့သို့ အသက်မွေး ဝမ်းကျောင်းသင်တန်းကိုများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းဖွင့် လှစ်သည့်အခါလည်း ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ပြီး ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာအကြိုသင်တန်းများ၊ သက်မွေးပညာသင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုစီးပွားဘဝ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ကောင်းများနှင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် အခြေခံ သင်ခန်းစာများမှတဆင့် လုပ်ငန်းခွင်ဝင်နိုင်သောအဆင့်ဖြစ်အောင် အဆင့်ဆင့်ကြိုးစားသင်ယူကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၃ ရက်နေ့မှ ဒီဇင်ဘာ ၂၇ ရက်နေ့ထိဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး၊ စက်ချုပ်သင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)