ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ဂွ  နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျောက်ချွန်ကျေးရွာရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှ စ၍  ရောင်းချပေးခဲ့သည်။

ဂွမြို့နယ်တွင် Lwin Mg Mg Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် မြို့နယ်စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးဟိန်းမင်းထက် ဦးဆောင်သောအဖွဲ့မှ ကျောက်ချွန်ကျေးရွာတွင် ကျေးရွာအတွင်းရှိ ပြည်သူများကို စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း လက်လီဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားသုံးဆီ ရောင်းချမှုကို နိုဝင်ဘာလ (၁၃) ရက်နေ့မှ စပြီး ကျောက်ချွန်ကျေးရွာနေ ပြည်သူများထံသို့ ပိဿာ (၇၀၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် လောင်းကျိုးကျေးရွာ၌လည်းကောင်း၊ (၁၅) ရက်နေ့တွင် ကမ်းသာယာကျေးရွာ၌လည်းကောင်း စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းများဖြင့် ဒေသခံ ပြည်သူများသို့  ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်