လှိုင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ကျင်းပ

လှိုင် နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်လူဦးရေ (၅၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ယာဥ်မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းများကိုတာဝန်ခံ ဦးကျော်ကျော်ထွန်းက ယာဉ်မောင်းနှင်ရာတွင် လမ်းညွှန်အမှတ်အသားနှင့် အချက်ပြမီးအား လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ထားသည့် ဝန်တင်အားအတိုင်း တင်ဆောင်မောင်းနှင်ပြီး သတ်မှတ်မိုင်နှုန်းထားအတိုင်းသာ မောင်းနှင်ရေး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုးတပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင်ကား ထိုင်ခုံခါးပတ်များကို စနစ်တကျတပ်ဆင် မောင်းနှင်သွားလာကြရန်နှင့် ယာဉ်မောင်းစဉ်လိုက်နာရမည့် အချက်များ၊ လမ်းမကြီးတွင် လိုက်နာရမည့်စည်းကမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)