ကျိုင်းတုံ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၉၂)စက်မှုလယ်ယာစခန်း (ကျိုင်းတုံ)တွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်ကဒေသအတွင်း တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် မြေယာပြုပြင်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊လုပ်ငန်းများကို သမရိုးကျလူလုပ်အား၊ ကျွဲနွားလုပ်အားတွေအစား စက်ကိရိယာ အပြည့်အဝတပ်ဆင်၍ ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးလိုအပ်ပါကြောင်း၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းမှ လေ့လာသင်သူ တတ်မြောက်မည့်ပညာရပ်များကို နီးစပ်ရာဆွေးမျိုး/မိတ်ဆွေစက်ပိုင်တောင်သူများကို လက်ဆင့်ကမ်းမျှဝေခြင်းအားဖြင့် ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ခွဲဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး နိုဝင်ဘာလ ၁၃ ရက်မှ ၂၄ ရက်အထိ ကျိုင်းတုံမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးသက်ဇော်နှင့် တာဝန်ရှိသူများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)