ကျိုင်းတုံ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုင်းဆမ်တစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန(ကျိုင်းတုံ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစံဖူးလောဝ်နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ်ဦးကျော်ကျော်တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင်က နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လူငယ်စကားဝိုင်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်စည်းကမ်း စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းတက်ရောက်လာကြသည့် မြန်မာနိုင်ငံစာရေးဆရာအသင်း အသင်းဝင်များက ဖြည့်စွက်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)