ကွတ်ခိုင် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ အသက် ၉ နှစ် ၁၀နှစ် အမျိုးသမီးငယ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကွတ်ခိုင်မြို့ အမှတ်(၁) မှ အသက်(၉)နှင့် (၁၀)နှစ်ကြား မိန်းကလေးငယ် (၂၄)ဦးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် အဖြစ် စတင်ထိုးနှံပေးပြီး မိန်းကလေးငယ်များအား အခမဲ့ တစ်နှစ်ခြား (၂)ကြိမ်နှုန်းဖြင့် ထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ အများစုသည် HPV ပိုးကြောင့်ဖြစ်ပွားမှု အများဆုံး ဖြစ်သဖြင့် ထို HPV ပိုး အမျိုးစားတွင် ပါဝင်သော (၁၆)နှင့် (၁၈) ပိုးများသည် သားအိမ်ခေါင်းကင်ဆာ အားလုံး၏ ၇၀ ရာခိုင်နှုန်း ဖြစ်ပွားနိုင်ကြောင်း ရှင်းလင်းဟောပြောသည်။
ယင်းနောက် (HPV) ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကိုကြိုတင်ကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်သဖြင့် စာရင်းကောက်ယူထားသော မိန်းကလေးငယ်များ မကျန်ရှိစေရေးအတွက် လာရောက်ထိုးနှံစေရန် တိုက်တွန်းနှိုးဆော်ထားပြီး လာရောက်ထိုးနှံပြီးသော မိန်းကလေးငယ်များအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
ကိုမိုင်း(ပြန်/ဆက်)